ဈာန်ပျံတိုင်း ရဟန္တာထင်သောပြဿနာ

Wednesday, January 15, 2014



 ဗုဒ္ဓဘာသာဝင် အများစုသည် ကောင်းကင်မှ ပျံလာသော ရဟန်းတော်တိုင်းသို 'ရဟန္တာ'ချည်းထင်တတ်၏ ။ အကျဉ်းချုပ် မှတ်သားရမည်မှာ 'ကောင်းကင်မှာပျံနိုင်တိုင်း ရဟန္တာမဟုတ်၊ ရဟန္တာတိုင်းလည်းကောင်းကင်မှာမပျံနိုင်' ဟူသော အချက်ပင်ဖြစ်၏ ။ ကောင်းကင်တွင် ပျံနိုင်သောသူသည် သုံဦးရှိ၏ ။ ဆေး၊ အင်း၊ ဓာတ် စသည် အောင်မြင်သဖြင့် ၀ိဇ္ဇာဇော်ဂျီ၊ တပသီအချို့ ကောင်းကင်တွင် ပျံနိုင်၏ ။


ဈာန်အဘိညာဉ်ရသော ရဟန်းအချို့ ကောင်းကင်တွင်ပျံနိုင်၏ ။ ယခုအခါ အဝီစိငရဲ၌ ကျခံနေရသော ' ဒေဝဒတ်ရဟန်း' သည် သံဃာသင်းခွဲသောကံကို မပြုမီ၊ ဘုရားရှင်အား သွေးစိမ်းတည်အောင် မလုပ်မီက ကောင်းကင်ပျံနိုင်သော ဈာန်အဘိဉာဉ်ရ ရဟန်းတစ်ပါးပင်ဖြစ်၏ ။ ဘုန်းကြီးချင်သော လောဘ(စိတ်ယုတ်မာ)ကြောင့် မဟုတ်တာတွေ လျှောက်လုပ်မိသသဖြင့် ဈာန်လျှောပြီး မြေမျိုကာ အဝီစိငရဲသို့ ကျရောက်နေခြင်းဖြစ်၏ ။



ဈာဉ်အဘိညာဉ်ရသော ရဟန္တာများကောင်းကင်တွင် ပျံနိုင်ကြ၏ ။ ဈာန်အဘိညာဉ်မရသော 'သုက္ခဝိပဿကရဟန္တာ' များကာ ရဟန္တာဖြစ်သော်လည်း ကောင်းကင်တွင်ပျံနိုင်ခြင်း မရှိချေ။ ဆက်၍မှတ်ရမည်မှာ ကောင်းကင်ပျံနိုင်ခြင်းသည် ဈာန်၏တန်ခိုးမဟုတ်၊ အဘိညာဉ်၏ တန်ခိုးသာဖြစ်သည်။ ဈာန်နှင့်အဘိညာဉ်သည်မတူပေ။ ဈာန်သည် တိဟိတ်ပုဂ္ဂိုလ်တိုင်း ရနိုင်သော်လည်း အဘိညာဉ်ကား တိဟိတ်ပုဂ္ဂိုလ်ဖြစ်ရုံနှင့် မရ။ အာဟာရဓာတ် အားကောင်းပြီး ကိုယ်ခန္ဓာတောင့်တင်းခိုင်မာဖို့လည်း လိုအပ်၏ ။ 


ဈာန်အင်္ဂါငါးပါး ရှိသော ပထမဈာန်။

ဈာန်အင်္ဂါလေးပါး ရှိသော ဒုတိယဈာန်။

ဈာန်အင်္ဂါသုံးပါး ရှိသော တတိယဈာန်။

ဈာန်အင်္ဂါနှစ်ပါး ရှိသော စတုတ္ထဈာန်။

ဈာန်အင်္ဂါတစ်ပါး ရှိသော ပဉ္စမဈာန်။ ဟု ငါးပါးရှိသည်။



' မေတ္တာဒယော တယော စတုတ္ထဇ္စုာနိကာ ' ဟူသော အဘိဓမ္မတ္ထသင်္ဂဟကျမ်းအဖွင့်အရ မေတ္တာ၊ ကရုဏာ၊ မုဒိတာသုံးပါးတွင်း တစ်ပါးပါးကို ပွားများလျှင် ပထမဈာန်မှ စတုတ္ထဈာန်အထိ ရနိုင်သည်ဟု သိရ၏ ။ ဈာန်၏အဓိပ္ပါယ်မှာ 'ကိလေသာတို့ကို လောင်မြိုက်ခြင်း၊ ကိလေသာတို့ကို ငြိမ်းစေခြင်း' ဟု ဖြစ်သည်။



သမထကမ္မဋ္ဌာန်း (၄၀)တွင် မေတ္တာဘာဝနာသည် ဈာန်တရားကို အမြန်ဆုံးရ၏ ။ စာတွေ့၊ လက်တွေ့နှစ်ခုလုံးပြပါအံ့။ မဇ္စိုမပဏ္ဏာသပါဠိတော်၊ ဓနဥ္ဇာနီသုတ်အဖွင့်၌ ဓနဥ္ဇာနီပုဏ္ဏားကြီးသည် သေခါနီးကာလတွင် အရှင်သာရိပုတ္တရာကိုပင့်ပြီး တရားနား၏ ။ အရှင်သာရိပုတ္တရာက မေတ္တာပွားများနည်းကို ဟောကြားပေးတော်မူ၏ ။



တရားနားရင်း၌ပင် မေတ္တာဘာဝနာကို ပွားများလေရာ ပထမဈာန်ကို ရ၏ ။ ထိုပထမဈာန်နှင့်သေသောကြောင့် ပထမဈာန်ဗြဟ္မာ့ဘုံသို့ ရောက်ရ၏ ။ ထိုအကြောင်းကို ဗုဒ္ဓသိတော်မူသောအခါ ' မဂ်ဖိုလ်ရနိုင်သူကို ဈာန်ရကြောင်းတရားကိုသာ ဟောရမည်လော' ဟု အပြစ်တင်တော်မူကာ ဗြဟ္မာ့ပြည်အထိ လိုက်ပြီး ဝိပဿနာတရားကို ဟောခိုင်းတော်မူ၏ ။



အရှင်သာရိပုတ္တရာကလည်း လိုက်ဟော၏ ။ ထို့ကြောင့် ဗြဟ္မာပြည်ရောက်မှ ဓနဉ္ဇာနီပုဏ္ဏားသည် မဂ်ဖိုလ်ကို ရသွား၏ ။ ထိုအခါမှနောက် အရှင်သာရိပုတ္တရာသည် တရားဟောသည့်အခါတိုင်း သစ္စာလေးပါးဝိပဿနာတရားကို ထည့်သွင်းဟောကြားတော့သည်။



ဤဖြစ်ရပ်၌ မေတ္တာတရားဟောနေစဉ် ခဏတာအချိန်တွင်းမှာပင် ဈာန်ရသွားသည်ကို ထောက်သောအားဖြင့် ကိလေသာငြိမ်းနေရုံ ဈာန်ရဖို့အတွက်လောက်ကာ မခဲယဉ်းဟု သိနိုင်၏ ။

ဈာန်ရပုံကို အလုပ်နှင့်ညှိ၍ လက်တွေပြအံ့။



မေတ္တာဘာဝနာကို ဈာန်ရအောင် ပွားများလိုသူသည် မိမိကိုယ်ကစ၍ ပွားများရ၏ ။ ပြီးလျှင်မိမိအပေါ် ကျေးဇူးအများဆုံး၊ မိမိအချစ်မြတ်နိုးဆုံးပုဂ္ဂိုလ်၊ ပြီးလျှင် မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၊ ပြီးလျှင် ရန်သူဖြစ်သူတို့အပေါ် ပွားများရမည်။ ဤကား ဝိသုဒ္ဓိမဂ် အဠကထာလာအတိုင်းဖြစ်၏ ။ ထိုအစဉ်ကို မှတ်မိရန် သီထားသော လင်္ကာတစ်ပုဒ်ကာ -



"မိမိကိုယ်က၊ အဦးစ၍

 ပိယမဇ္စု၊ ဝေရီကျအောင်

 တစ်စတစ်စ၊ သုံးဝပုဂ္ဂိုလ်

 ကိုယ်နှင့်အတူ၊ အမျှမူ၍ "



ပွားများမှု့အားကောင်းလာသည်နှင့် ပထမဈာန်ကို ရရှိ၏ ။ ပထမဈာန်ရပုံကာ-မိမိမေတ္တာပို့လိုသူကို အာရုံယူလိုက်လျှင် ချက်ချင်းရ၏ ။ ဤသည်ကို'ပထမဈာန်၏ ပထမအင်္ဂါဖြစ်သော ဝိတက်' ဟုခေါ်၏ ။ ထိုသူ၏ သွားပုံ လာပုံ ကျန်းမာ ချမ်းသာပုံကို လိုအပ်သလို သုံးသပ်ဆင်ခြင်၍ရ၏ ။ ဤသည်ကို ' ဝိစာရ ' ဟုခေါ်၏ ။



မေတ္တာပွားနေချိန်တွင် ဘာနဲ့မှမတူအောင် အလွန်နှစ်သက်၏ ။ ဤသည်ကို ပီတိ ဟုခေါ်၏ ။ မေတ္တာပွားနေချိန်တွင် အလွန်းချမ်းသာ၏ ။ ဤသည်ကို သုခ ဟုခေါ်၏ ။ မေတ္တာပွားနေချိန်တွင် စိတ်သည်မေတ္တာခံယူသူအပေါ်၌ တည်ကြည်နေ၏ ။ ဤသည်ကို 'ဧကဂ္ဂတာ' ဟုခေါ်၏ ။ ထိုဧကဂ္ဂတာ စေတသိက်ကိုပင် သမဓိ ဟုလည်း ခေါ်ကြ၏ ။



ဆိုအပ်ခဲ့ပြီးသော ဈာန်အင်္ဂါငါးပါးနှင့် ပြည့်စုံနေချိန်ကို ပထမဈာန်ရသည်ဟု ခေါ်သည်။ ထိုပထမဈာန်ရရုံမျှဖြင့် မြေလျှိုးမိုးပျံ ကိုယ်ယောင်ဖျောက်ခြင်းများ မလုပ်နိုင်ပေ။ ထိုပထမဈာန်မှ ပဉ္စမဈာန်အထိရောက်အောင် အစဉ်တိုင်း အစုန်ပွားများနိုင်၏ ။ တစ်ဖန် ပဉ္စမဈာန်မှ ပထမဈာန် ထိရောက်အောင် အဆန်လည်း ပွားများနိုင်၏ ။



ထိုကဲ့သို့ ဈာန်ငါးပါးကို အစုန်အဆန် ပွားများနိုင်ပြီး ဝသီဘော်နိုင်သောအခါ အဘိညာဉ်ကိုရ၏ ။ ထိုအဘိညာဉ်ကို ရသောအခါတွင်မှ ဝါယောကသိုဏ်း ဝင်စားပြီး မိမိကိုယ်ကို ပေါ့ပါးစေကာ ကောင်းကင်သို့ ပျံနိုင်ခြင်းဖြစ်၏ ။



ဤစကားရပ်တို့ကို ထောက်၍ ဈာန်ရရုံမျှနှင့် ကောင်းကင်မပျံနိုင်၊ အဘိညာဉ်အထိရမှသာ ကောင်းကင်ပျံနိုင်သည်ဟု ခွဲခြားမှတ်သားရမည် ။

အပြည့်အစုံ ဖတ်ရှုရန်...

ကျောင်းအတွက် နိုးဆော်ချက်။

Saturday, December 28, 2013

ယခုဝယ်ယူလိုက်သော အဆောက်အဦးအား ဘုန်းတော်ကြီးကျောင့်အဖြင့် ပြန်လည်၍အသုံးပြုရန်ရည်ရွယ်
သည် သို့သော် နေ၍ကားမဖြစ်သေးပြန်လည်၍ပြုပြင်ရန်အနည်းငယ်လိုအပ်သည် ကျောင်းအတွင်းပိုင်း တွင်လည် တကာ/တကာမတို့အား တရားဟောကြားရန်နေရာပင်မရှိသေး အခန် ၆ခန်းဖြင့်ပြည့်နှက်နေသည် သို့အတွက်ဟောခန်းနေရာရရှိရန်အချို့သောအခန်းများအားဖျက်ကာ ဟောခန်း
ရရန်ပြန်လည်ပြုပြင်ဖို့လိုအပ်သည် အသုံးအဆောင်ပစ္စည်းများလည်ဘာတစ်ခုမှပင်မရှိ အ၀တ်လျှော်စက် မီးဖို ရေခဲသေတ္တာ ထိုင်ခုံ စားပွဲ ပန်းကန် ဇွန်း အိပ်ရန်ကုတင်များကအစ အားလုံးလိုအပ်နေသေးသည်
ပစ္စည်းများလိုအပ်နေခြင်းထက် ကျောင်းပြုပြင်ဖို့က ပို၍အရေးကြီးပါသည် အတွင်းအပြင်ဆေးများလည်ပြန်လည်သုတ်ရန်လိုအပ်နေသည် လက်ရှိကျောင်းရန်ပုံငွေအားလုံးကျောင်း
ဝယ်ယူရာတွင် အသုံပြုလိုက်သည့်အတွက်ကျောင်းဝေယျာဝစ္စပြုရန်ပင်ရန်ပုံငွေမရှိဖြစ်သောအချိန်လဲဖြစ်
သည် အရေးတကြီးပြုရမည့်အထဲတွင် လိုအပ်သောနောက်တစ်ခုကား ကျောင်းဝင်း ခြံစည်းရိုးပင် ၂ ဧက
ကျယ်သောကျောင်းဝင်ပတ်ပတ်လည်ခြံစည်းရိုးကာရန်လိုအပ်သည် ဤသို့ပြုပြင်ပြီးမှသာလျှင် ကြွရောက်
သီတင်းသုံးနိုင်မည်ဖြစ်သည် သို့အတွက်အလှူရှင် များလိုအပ်နေကြောင်းအသိပေးလိုက်ရပါသတည်း။

အပြည့်အစုံ ဖတ်ရှုရန်...

ရွှေဘုန်းပွင့်ဓမ္မစင်တာမြန်မာဘုန်းတော်ကြီးကျောင်းအဖြင့်ပြန်လည်အသုံးပြုမည့်အဆောက်အဦး။

ယခုမြင်ရသည့်အဆောက်အဦးအားမြန်မာဘုန်းတော်ကြီး ကျောင်းအဖြင့်ပြန်လည်အသုံးပြုရန်၁၂ဒီဇင်ဘာ၂၀၁၃ရက်နေ့က၀ယ်ယူလိုက်သည်အမေရိကန်ပြည်ထောင်စုတက်ဆက်ပြည်နယ် Fort Worth ဧရိယာအတွင်းမှာဖြစ်သည် လူအင်အားနည်းသော်လဲဖြစ်အောင်တော့ လုပ်ခဲ့ကြပြီးရှေ့ဆက်ရန်ခရီးကကျန်ပါသေးသည် နံပါတ်တစ်ကိုကျော်လွန်ခဲ့ပြီး နံပါတ်၂သို့စတင်လှမ်းကြရတော့မည်  ဦးဆောင်သူကစိတ်ထားမှန်ပြီး ၀န်းရံသူတွေ ညီညွတ်ရန်တာလိုသည်။ ယနေ့မှစပြီးတာဝန်ကကြီးပေတော့မည် မကြောက်တာအမှန်ပါ အလုပ်မရှိမှာကိုတာ ကြောက်တာပါ ပတ္တမြားမှန်တော့ နွံမနစ်တဲ့ စိတ်ထားမှန်တော့ သည်သာသနာအရောင် ထွက်ရမှာပေါ့ အို,,,, ကိုသဒ္ဒါ မသဒ္ဒါတို့ လာကြကုန်လော့ ၀ိုင်းကြကုန်လော့ ငါတို့တွေလက်တွဲကြကုန်လော့. ရှိတာကို အကုန်လှူရန်မလို အသိကိုတာအကုန်ယူတတ်ရန်လိုသည် ဘာသာအသိ သံသရာအသိဖြင့်ဤ ရွှေဘုန်းပွင့်ကျောင်းရဲ့သာသနာ မည်မျှအထိအရောင်ဖြာလေမလဲ ကြိုးစားကြပါစို့။

အရှင်သီလာနန္ဒ

အပြည့်အစုံ ဖတ်ရှုရန်...

သံဃာကိုမပြစ်မှားမိစေနဲ့။

Sunday, December 22, 2013

ကိလေသာအတုံးအခဲတွေကို ဖြိုခွဲတတ်သူကို
ပါဠိလို"ဘိက္ခု" မြန်မာလို"ရဟန်း"လို့ခေါ်ပါတယ်။
အခြားအဓိပ္ပာယ်လည်း များစွာရှိပါသေးတယ်။
ရဟန်းတော်များမှာ ဥပုသ်ပြုခြင်း ရဟန်းခံခြင်းစတဲ့
ကံကြီးကံငယ်တွေရှိပါတယ်။ သံဃာကိစ္စ ကံဆောင်ခြင်းကိစ္စတွေရှိတဲ့အခါ ညီညီညွတ်ညွတ်
ဆောင်ရွက်ကြတဲ့ရဟန်းအပေါင်းကို " သံဃာ"လို့
ခေါ်ပါတယ်။ တစ်ပါးချင်းကို ရဟန်းလို့ခေါ်ပါတယ်။ လေးပါးမှအထက် အများကိုမှ သံဃာလို့ခေါ်ပါတယ်။ရဟန်းနဲ့ သံဃာကို ခွဲခြားနားလည်ရပါမယ်။

ရဟန်းတစ်ပါးစီမှာ အပြစ်ရှိနိုင်တယ်။
သံဃာမှာ အပြစ်မရှိပါဘူး။ ဒါကြောင့်
ရဟန်းအချို့ရဲ့ မတော်တရော် အပြုအမူအနေအထိုင်များကို တွေ့ရတဲ့အခါ
သံဃာတွေကဘယ်လိုပဲလို့ အပြစ်မပြောကောင်းပါဘူး။
ဘုရားရှင်က"သံဃာအပြစ်ပြောတဲ့ ဒကာဒကာမအိမ်ကို အဝင်အထွက်မလုပ်နဲ့"
လို့တောင် မိန့်တော်မူထားပါတယ်။ ဘုရားက
သံဃာကို လုံးဝအထိမခံပါဘူး။ သံဃာဆိုတဲ့အထဲမှာ အရိယာ ပုထုဇဉ်နှစ်မျိုးရောနေလို့ အရိယာပုဂ္ဂိုလ်တွေကို
ပြစ်မှားမိမှာစိုးလို့ သံဃာဆိုတဲ့ စကားလုံးသုံးစွဲပြီး
အပြစ်မပြောကောင်းပါဘူး။
သံဃော ဟိ ဒုဿီလော နာမ နတ္ထိ(ဥပရိပဏ္ဏာသ
အဋ္ဌကထာ ဒက္ခိဏာဝိဘင်္ဂသုတ်အဖွင့် စာမျက်နှာ
-၂၂၅)-သံဃာမှာ သီလပျက်စီးတဲ့ ဒုသီလဆိုတာမရှိဘူးလို့ဆိုပါတယ်။ အပြစ်ရှိတဲ့
ရဟန်း ဘုန်းကြီး တစ်ပါးစီကိုတော့ ခွဲခြားအပြစ်တင်နိုင်ပါတယ်။

တစ်နည်းအားဖြင့် ကိလေသာတွေကို ညှဉ်းဆဲသူကို သံဃာခေါ်ပါတယ်။
သုပဋိပန္န - ကောင်းကောင်းကျင့်ဆိုတာ
လောဘဒေါသမောဟ စတဲ့ ကိလေသာတွေနည်းအောင် ကျင့်ရတာ
စာချတာ စာကျက်တာ စာပြန်တာ တရားဟောတာ တရားပြတာအားလုံးဟာ
ကိလေသာနည်းဖို့ပါပဲ။

စာချ စာတက် စာပြန် စာမေးပွဲတွေ ကျင်းပ
ဖြေဆို တရားဟော တရားပြတွေလုပ်ပြီး ကိလေသာတွေ တိုးပွားနေမယ်ဆိုရင်တော့
ဘယ်အဓိပ္ပာယ်ရှိပါ့မလဲ။ ဘုန်းကြီးဝတ်ပြီး
ကိလေသာတွေတိုးပွားနေရင် မကိုက်ပါဘူး။
ရဟန်းဝတ်ပြီးရင် သံဃာစာရင်းဝင်အောင်
ကိလေသာနည်းကြောင်းအကျင့်ကို ကျင့်ဖို့လိုပါမယ်။ ဒါမှအဓိပ္ပာယ်ရှိပါမယ်။

( ဓမ္မပိယဆရာတော်)

အပြည့်အစုံ ဖတ်ရှုရန်...

ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ နှင့် မော်စကို ဓမ္မသဘင်မှ အမေးအဖြေ

ဓမ္မဒူတနာယက အဖွဲ့ဝင်၊ မှော်ဘီမြို့နယ်သံဃနာယက အဖွဲ့ဝင်၊ ဓမ္မဒူတ ဇေတ၀န်တောရဆေကိန္ဒာရာမ ကျောင်းတိုက်ကြီး၏ ပဓာန နာယကဆရာတော်၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပဋိပတ္တိမဟာဌာန (၀ိပဿနာ) ပါမောက္ခ၊ မဟာဌာနမှူး ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ သည် ရုရှားနိုင်ငံရောက် မြန်မာကျောင်းသား ပညာတော်သင်များ နှင့် ရုရှားနိုင်ငံဆိုင်ရာ ပြည်ထောင်စု မြန်မာနိုင်ငံတော် သံရုံးမိသားစုများ၏ ပင့်ဖိတ် ပူဇော်မှုအရ ရုရှားနိုင်ငံ မော်စကိုမြို့ တွင် အောက်တိုဘာလ ၄ ရက်နေ့မှ အောက်တိုဘာလ ၆ ရက်နေ့အထိ သီတင်းသုံးတော်မှု ခဲ့ပြီး၊ မြန်မာကျောင်းသားများနှင့် သံရုံးမိသားစုဝင်များကို (၂) ရက်တိုင်တိုင် ဓမ္မရေအေးတိုက်ကျွေးခဲ့ပါသည်။ ဆရာတော်သည် အောက်တိုဘာလ(၅) ရက်နေ့၊ နေ့ခင်း (၁၂) နာရီအချိန် မြန်မာကျောင်းသား ပညာတော်သင်များ၏ ကျောင်းသားဆောင် နှင့် အောက်တိုဘာလ (၆)ရက်နေ့ မော်စကိုမြို့ရှိ ပြည်ထောင်စု မြန်မာနိုင်ငံသံရုံးခန်းမ တို့တွင် ဓမ္မအလင်း၊ ဓမ္မအသိများကို ပေးဝေတော်မှုခဲ့ပြီး၊ ပညာတော်သင်ကျောင်းသားများ၏ ဓမ္မမေးခွန်းများကို ပြန်လည်ဖြေကြား ဆွေးနွေးညွှန်ပြခြင်း နှင့် ရုရှားလူမျိုး တရားနာပရိတ်သတ်များနှင့်လည်း သီးသန့် တွေ့ဆုံခဲ့ပြီး ဗုဒ္ဓဓမ္မနှင့် ပတ်သတ်သည်များကို ဆိုဆုံးမတော်မှုခဲ့ပါသည်။သံရုံးတွင် ပြုလုပ်ကျင်းပခဲ့သည့် တရားပွဲတွင် ကြုံတောင့်ကြုံခဲ ဖူးတွေ့ခွင့်ရသောအချိန်မှာ ဓမ္မရေးရာနှင့်ပတ်သက်သည့်မေးခွန်းများကို လျှောက်တင်ခဲ့မိပါသည်။ အာကာမိုးတိမ်။ ။ဆရာတော်ဘုရား ဘုရားတပည့်တော်ကို မေးလျှောက်ထားခွင့်ပြုတော်မှုပါ ဘုရားပထမဦးဆုံးမေးခွန်းကတော့တပည့်တော်တို့ လူပုဂိုလ် ပုထုဇဉ်များအနေဖြင့် ရှစ်ပါးသီလကို တနေ့တာ ခံယူဖို့ ရည်မှန်းထားလျှင် ၀ိကာလ ဘောဇနာ ဆိုတဲ့ သီလကို ဘယ်ကာလ အပိုင်းအခြားထိ စောင့်ထိန်းနိုင်ရင် အကောင်းဆုံးပါလဲဘုရား။ ဆရာတော်။ ။သား အဲ့ဒါကတော့ အာရုံတက် (သို့ ) အာရုံမတက်ခင် အချိန်ထိ စောင့်ထိန်းနိုင်ရင် အကောင်းဆုံးဘဲသား။ (* ၀ိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊ နေ့လွဲ ညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏၊ ဆိုတဲ့ သီလကို တချို့လူအများစုက ည ၁၂ ကျော်ရင် စားလို့ရနိုင်ပြီလို့ ထင်ကြတဲ့သူတွေရှိပါသည်။ မဟာဗောဓိမြိုင် ဆရာတော်ကြီးကလည်း ဒီကိစ္စဖြင့် ပတ်သတ်ပြီး မိန့်ကြားဆုံးမတာ ကြားဖူးခဲ့ပါသည်။ တနေ့တာဟု ရည်မှန်းထားရင် စောင့်တဲ့အချိန်မှ နောက်နေ့ အဲ့အချိန်လောက်ရောက်သည်ထိ အတက်နိုင်ဆုံးစောင့်ထိန်း နိုင်ရင် အကောင်းဆုံးဖြစ်ပြီး၊ အသင့်တော်ဆုံးကတော့ အာရုံတက်သည်အထိ စောင့်ထိန်းသင့်ကြောင်းကို ဆရာတော်ဘုရားကြီးနှင့် ထပ်တူညီစွာသော အဖြေကို ရရှိခဲ့ပါသည်။) အာကာမိုးတိမ်။ ။ နောက်မေးခွန်းတစ်ခုက ဆရာတော်ဘုရားကြီးအနေနဲ့လည်း ခုလက်ရှိ ပြည်တွင်းမှာ သက်ကြီး၊ သက်ငယ်၊ သက်လတ် ဟူပြီး အသက်အရွှယ် အတန်းအစားလိုက် တရားစခန်းများဖွင့်လှစ် ပေးထားခဲ့တယ်ဟု တပည့်တော် သတင်းကြားသိရပါတယ် ဘုရား။ ဆရာတော်။ ။ ဒါတင်မကဘူး အပျိုကြီး၊ လူပျိုကြီးတွေကော အတွက်ပါဖွင့်လှစ်ထားသေးတယ်။ (ပရိတ်သတ်..သဘောကျလျှက်)။ အာကာမိုးတိမ်။ ။ တပည့်တော် သိချင်တာက ဆရာတော်ဘုရားကြီး လက်ရှိကျင့်ကြံအားထုတ်နေခဲ့တဲ့ အာနာပါန ကမ္မဌာန်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြသ လမ်းညွှန်ပေးတော်မှုပါအရှင်ဘုရား။ ဆရာတော်။ ။ ခုဒီနေရာမှာ အကုန်ရှင်းပြရမှာလား။ အာကာမိုးတိမ် ။ ။လိုရင်းတိုရှင်းပါဘုရား (ပရိတ်သတ်..သဘောကျလျှက်)။ ဆရာတော်။ ။အာနာပါန ကိုမေးတယ်ဆိုကတည်းက ကြားဖူးနားဝ နှင့် အားထုတ်ဖူးလို့ပါ။ လိုရင်းတိုရှင်းကို ပဓာနပြောပါမယ်။ အာနာပါန ထွက်လေ၊ ၀င်လေကိုကြည့်တဲ့ ကမ္မဌာန်းကို အားထုတ်တဲ့အခါမှာ နှာသီးဝ နှင့် နှခမ်းဖျားကို တိုးတာ၊ ထိတာ သိတဲ့နည်းရှိတယ်။ရင်ဘတ်မှာ ဒုတ်ဒုတ်ခုန်တာကို ကြည့်တဲ့နည်းရှိတယ်။ ၀မ်းဗိုက်မှာ ပိန်တာ၊ ဖောင်းတာကို ကြည့်တဲ့နည်းရှိတယ်။ ဒါအကြမ်းအားဖြင့်ပေါ့ ဒါဖြင့် ဘယ်ဟာက နည်းမှန်သလဲလို့ ပြောရရင် ဒီထွက်လေ ၀င်လေဟာ နှခေါင်းနှင့်လည်းဆိုင်တယ်၊ ရင်ဘတ်နဲ့လည်း ဆိုင်တယ်၊ ၀မ်းဗိုက်နဲ့လည်း ဆိုင်တော့ ဒါတွေက နေရာတွေ ပဓာနမဟုတ်ဘူး၊ ဘယ်နည်းနဲ့ အားထုတ် အားထုတ် ဘုန်းဘုန်းတို့ ကြည်ညိုတယ်၊ သဘောကျတယ် အားထုတ်၊ ဒါက နေရာဘဲ နေရာကွဲလို့ ရန်ဖြစ်စရာမလိုဘူး ဟုတ်ပြီလား။ နောက်တစ်ခု နှာခေါင်းကိုဘဲ လွယ်လွယ်ပြောမယ် နှာခေါင်းမှာ ထွက်လေလေး ထွက်သွားတယ်၊ ၀င်လေလေးဝင်သွားတယ်။ ထွက်လေ ၀င်လေနဲ့ နှာခေါင်းမှာ မတိုးဘူးလား။ (တိုးပါတယ် ဘုရား) အဲ့ဒီတိုးတာလေးကို သိအောင်မကြည့်ရဘူးလား၊ ကြည့်ရသလား၊ (ကြည့်ရပါတယ်ဘုရား)။ အခုကြည့်လို့မရဘူးလား အခုမတိုးဘူးလား (တိုးပါတယ်ဘုရား) တိုးတာလေး သိတာပဲ ရှင်းလား ဒါကိုရှင်းလား၊ တိုးတာလေးသိအောင်ကို ဟိုလိုကြီး ဒီလိုကြီး သီးခြားလုပ်စရာမလိုတော့ဘူး။ တင်ဗင်ခွေထိုင်နေလည်းရတယ်၊ တကယ်အပါးဝသွားရင် လမ်းလျှောက်ရင်းနဲ့တောင်ရတယ်၊ တခြားနေရာမှာ ထိုင်နေလည်းရတယ်၊ အိပ်နေလည်းရတယ်။ ဒါလည်းလက်ခံတယ်နော် (လက်ခံပါတယ် ဘုရား) ဒါနဲ့ အဲ့လိုတိုးတာလေးကို သိအောင်ကြိုးစားနေတာ၊ သိတာကို တရားအားထုတ်တယ် ဆိုပါစို့၊ တိုးတဲ့အခိုက်မှာ တိုးတာလေးကို သိဖို့ရာကခက်တာလား၊ သိအောင်လုပ်ဖို့ သတိပေးဖို့ကခက်တာလား၊ (သတိပေးဖို့ကခက်တာပါဘုရား။) တိုးတာလေးကို သိအောင်လုပ်ဖို့ဆိုတာရှိတယ်လေ တိုးတာ ကိုယ်လုပ်တာလား သူ့ဖာသာသူလုပ်ရတာလား၊ (သူ့ဖာသာသူ လုပ်တာပါဘုရား)။ တိုးတဲ့အခိုက်လေး သိအောင်လုပ်ရတာ ပင်ပန်းလား (မပင်ပန်းပါဘူးဘုရား)၊ တိုးတာလေးကို သိအောင်လုပ်ဖို့ခက်တာလား တိုးတာလေးကို သိအောင်လုပ်ဖြစ်ဖို့ သတိပေးတာကခက်တာလား (လုပ်ဖြစ်ဖို့သတိပေးတာကခက်ပါတယ် ဘုရား)။ သိအောင်လုပ်ဖြစ်ဖို့ ဘယ်သူကပြောမှာလဲ (သတိကပြောမှာပါ ဘုရား) အေး အဲ့ဒီသတိလေးရှိဖို့အရေးကြီးတယ်။ အဲ့ဒီသတိလေးရှိလိုက်ရင် ခုသိတာဘဲ။ ဒါပေမဲ့ များသောအားဖြင့်က တိုးတာလေး သိဖို့က ခက်တယ်ထင်နေတာ၊ အဲ့ဒါကမခက်ဘူး စိတ်ကလေး ဘတ်ဆိုသတိပေးလို့ ရောက်သွားတာနဲ့ သိရော။ စိတ်ကလေး ဘတ်ဆို သတိပေးလို့ရောက်သွားတာနဲ့ သိရော၊ အဲ့ဒီ သတိပေးဖို့က ခက်နေတာ အက်ဒါကြောင့်မို့ မဟာသတိပဌာနလို့ ခေါ်တယ် ကဲ ရှင်းပြီလား သတိလေးက ပဓာနကျလို့၊ ဟုတ်ပြီလားသား အဲ့ဒါလိုရင်းတိုရှင်းပဲ။ (တင်ပါ့ဘုရား)။ မေးခွန်းများကို ဘုရားတပည့်တော်တို့အပေါ် စေတနာထားပြီး တိကျစွာ ရှင်းလင်းမိန့်ကြားပေးခဲ့သော၊ ဆရာတော်ဘုရား အား ကျေးဇူးအထူးပင်တင်မိပါသည်။ မိမိမေးမြန်းခဲ့သည်များကို တရား၊ ဓမ္မရေးရာလုပ်ဆောင် ကြိုးပမ်းနေကြတဲ့၊ မလုပ်ဆောင်ရသေးတဲ့၊ လုပ်ဆောင်ပြီးတဲ့ လူငယ်လူကြီး အပေါင်းကို ပြန်လည်မျှဝေ ပေးမိပါသည်။ ဆရာတော်သည် ပြည်တော်ပြန်ရန်အတွက် အောက်တိုဘာ (၆) ရက်နေ့ နေ့လည်ခင်း (၃) နာရီခန့်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် သံရုံး မှ မော်စကိုမြို့ Domodedovo လေဆိပ်သို့ ခရီး ပြန်လည် ထွက်ခွာတော်မှုခဲ့ပါသည်။ ဓမ္မရေးရာ ဆောင်းပါးလေးဖြင့် ဆရာတော်ဘုရားကြီးအား တပည့်တော် ဦးခိုက်ပူဇော် လိုက်ပါသည်ဘုရား။ လူတိုင်း ကိုယ်စိတ်နှစ်ဖြာ အစဉ်ထာဝရအေးငြိမ်းချမ်းသာ ရှိကြပါစေ

အပြည့်အစုံ ဖတ်ရှုရန်...

ပူတယ်လေဆယ်နေကဲရှာတော့

Saturday, December 21, 2013

ကိုကျော်မြင့် သစ်ခွဲစက်မှ ယူလာသည့် အင်ဘကာသားအတိုအစများနှင့် လွှစာမှုန့် များကို အိမ်အောက် ထိုးသွင်းရင်း ကိုညိုဒင် မလုံးကို ကြည့်လိုက်၏။ အိမ်ရှေ့ ကွပ်ပစ်၌ တင်ပလင်ခွေထိုင်ကာ စကောထဲက ဆန်ကို ပြာလိုက်၊ စပါးလုံး၊ ကျောက်ခဲနှင့် ကြွက်ချေးတို့ ကို ကောက်ပစ်လိုက်နှင့် ထမင်းချက်ရန် စိတ်စောနေဟန်ရှိသည့် မလုံး၏ဟန်ပန်မူယာမှာ ခေါင်းလက်ခြေ အလှည့်ကျ အချိုးညီညီ လှုပ်ရမ်းနေတတ်သော ရွှေပန်းထိမ် ဆရာကြီးဦးကျော်နေအိမ်မှ ပန်းရောင်ဘိုမရုပ်ကလေးနှင့်ပင် တူနေသယောင်။ မလုံး ခေါင်းကို ဘယ်ညာလှည့်၍ ဇက်ချိုး ခါးဆန့် ပြီး စကောကို ဘေးနားအသာချလိုက်၏။

`တော် ထမင်းဆာလာလို့ လား။ ညစာ မချက်ရသေးဘူး။ မနက်ကျချက်တဲ့ ခရမ်းချဉ်သီးငပိချက်တော့ တော့်ဖို့  ချန်ထားတာရှိသေးတယ်။ တော့် တယောက်စာတော့ ထမင်းလည်းရှိတယ်။` မလုံး ထမင်း ခူးခပ် ပြင်ဆင် မည်အလုပ် ကိုညိုဒင် မလုံးဘေး ၀င်ထိုင်လိုက်၏။ `ငါ ကမ်းနားဆိပ်က စားလာသေးတယ်။ မဆာသေးပါဘူး။ ပေးစမ်းဟာ ယပ်တောင် ပူလိုက်တာ ပေါင်းဖိုထဲ ၀င်နေရသလိုပဲ။` နဖူးမှာ စို့ တင်နေသည့် ချွေးစလေးများကို လက်မောင်းနှင့်ပွတ်သုတ်ရင်း အိမ်ထရံကြားတွင် ထိုးညှပ်ထားသည့် စက္ကူယပ်တောင်လေးကို ကိုညိုဒင့်ထံ မလုံး ကမ်းပေးလိုက်သည်။ ဒီနှစ်လောက်ပူတာ ကိုညိုဒင် မကြုံစဖူး။ ဘိုးစဉ်ဘောင်ဆက် အညာမြေလတ်မှာ နေလာ ခဲ့သူတွေပီပီ တော်တန်ရုံ အပူလောက်ကိုတော့ ဂရုမထား။ မြစ်ထဲက ဖြတ်တိုက်ခတ်လာသည့် မြစ်လေလေး တချက်ဝှေ့ လိုက်ရင် အပူငြိမ်းသဟဆိုသည့် လူစားတွေမဟုတ်လား။ အခါရက်က မိုးလေး တပြိုက် နှစ်ပြိုက်ကျ ပေမယ့် သင်္ကြန်မိုးမည်ကာမတ္တ။ ဆွမ်းခံကြွချိန်ရောက်သည်နှင့် အပူပြင်းပြီ။ နေ့ လည်နေ့ ခင်းဆို အလုပ်ပျက် အကိုင်ပျက်လောက်အောင်ပူ၏။ သည်အပူနှင့်ယှဉ်ကာ လှေလိုက်လိုက်၊ ကုန်ထမ်းလိုက်၊ ထင်းခွဲ လိုက်နှင့် ရသည့် ကျဘမ်းအလုပ်တွေကို ကိုညိုဒင် ရှာလုပ်သည်။ ညနေစောင်း နေချိုချိန် လောက်မှ မြစ်ထဲဆင်း ငါးတန်း သွားချသည်။ မလုံးဈေးထွက်ဖို့ နေနေသာသာ ဟင်းစားပင် မရချင်။ ကိုညိုဒင် ယပ်တဖြတ်ဖြတ်ခပ်ရင်း အိမ် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်နေမိသည်။ လူမပြောနှင့် ရေနံချေး သုတ်ထားသည့် ၀ါးထရံကာ သက်ကယ် မိုးအိမ်ကလေးမှာ အပူဒဏ်ကြောင့် တဖြစ်ဖြစ် အော်မြည်နေသည်။ လမ်းမထိပ်က ကုက္ကိုပင်၊ မန်ကျီးပင်၊ တမာပင်ကြီးတို့ ၏ ပင်စည်ကိုင်းခတ်တို့ အပေါ်တွင် တံလှပ်လှိုင်းတို့ ရိပ်ကနဲ လျှပ်ကနဲ ပြေးဖြတ်နေတော့သည်။

ဧရာဝတီမြစ် အနောက်ဘက်ကမ်း မြေလတ်ဒေသကား ပူ၏။ သွေ့ ခြောက်၏။ သစ်ရပ်ဝါးရိပ် ကင်းမဲ့၏။ ထနောင်း၊ ဆူးရစ်နှင့် ခြုံပုတ် ကျို့ တို့ ကျဲတဲတို့ ဖြင့် တန်ဆာဆင်ထားသောမိုးခေါင်ရပ်ဝှမ်း။ လွင်တီးခေါင် ကျပ်တီး ကုန်းခြောက်။ ဧရာဝတီမြစ်ကြီး ပခုံးပေါ် မေးတင်ခိုလှုံထားသော်လည်း ပထ၀ီဝင်သဘာဝအရကိုပင် အပူပိုင်း ဒေသဖြစ်သောကြောင့် ပူပြင်းမှုဖြင့် အသားကျနေသည်မှာ မဆန်းချေ။ ထို့ ကြောင့် ရေရှားမှု ပြဿနာက နောက်ဆက်တွဲကပ်ငြိပါလာသည်။ သည်အရပ်မှာ နေထိုင်ကြသူတွေကိုပဲ ကန်ရေသောက် မြက်ခြောက်စား များ လို့  ကြည်စယ်နောက်ပြောင်ခံကြရသူတွေလေ။ `တော် ညဦး ငါးတန်းသွားချအုန်းမှာလား` မလုံးအမေးစကား သံကြောင့် ကိုညိုဒင် ဟေ ကနဲ အာမေဋိတ်သံပြုမိသည်။ သွားရကောင်းမလား၊ မသွားရကောင်းမလား ချီတုန် ချတုန်ဖြစ်နေ၏။ သူ ငယ်စဉ်က အဖေဖြစ်သူနှင့် ဧရာဝတီ မြစ်ရိုးတလျှောက် ရေတံငါဘ၀ပုံရိပ်များကို အောက်မေ့ မြင်ယောင်မိပြန်သည်။ သုံး လေးနာရီ မြစ်ထဲဆင်းလိုက်သည်နှင့် ရလိုက်တဲ့ငါး။ ကွန်ပစ်ပစ်။ ထွန်ပစ်ပစ်၊ တန်းချချ၊ ပိုက်မျှောမျှော၊ ပေါလိုက်သည့်ငါး။ ဖွားအေကြီး တနေ့ တနေ့  ငါးပိကောင်ထည့်တာကိုက အချိန်တဆယ်မျိုး နှစ်ဆယ်မျိုး၊ ခုတော့ ဒီလိုမဟုတ်တော့။ တနှစ်ထက်တနှစ် ဧရာဝတီမြစ်ကြောင်းကြီးက ပြောင်း ပြောင်းလာနေ သည်။ တနှစ် ဒီဘက်ကမ်းက စီးဆင်း သွားသော်လည်း နောက်နှစ် ဟိုဘက်ကမ်းက စီးရစ် ခွေသွားပြန်သည်။ မြစ်ကြောင်းကလည်းမမှန်တော့။ မြစ်ကြောင်းကျဉ်းလာတော့ အညာဆန်၊ ပြည်ကူးတို့  သင်္ဘောကြီးငယ်တွေ လည်း ဥသြသံတအူအူဖြင့် ဟိုသောင်ငြိလိုက် သည်ကမ်းတင်လိုက် ဖြစ်ကြရသည်။ မြစ်ကြောင်း ကျဉ်းလာမှု ကလည်း သိသိသာသာ။ ၀ါဆိုဝါခေါင် ရေကြီးရေတက်ချိန်လွန်မြောက်ပြီး လတော်သလင်း မြစ်ရေသင်ဖြူးခင်း ချိန်တွင် မြစ်ကမ်းနံဘေးဝဲယာတွင် မြေနုများ နှုံးတင်ကျန်ရစ်ခဲ့သည်။ ကိုင်းသမားတွေက ယင်းမြေနုများတွင် မြေပဲ၊ ကုလားပဲ၊ ငြုပ်။ ပြောင်းတို့ ကို စိုက်ပျိုးကြသည်။ ထို့ နည်းလည်းကောင်းပင် မြစ်ဝမ်းဗိုက်တွင်လည်း မြေနုကျွန်း များ ပေါ်ထွန်းလာမြဲဖြစ်သည်။ မြေနုကျွန်းများကတော့ သူ့ အပိုင်နှင့်သူ။ ကိုင်းသမားတဦးတယောက်ချင်း ပိုင်ဆိုင်မှုများရှိသလို ရွာလိုက်ပိုင်ဆိုင် စိုက်ပျိုးကြသည်လည်းရှိ၏။ ရွာတည်အခြေချသည့် သူများလည်းရှိသည်။ မြစ်ကြောင်းပြောင်းလာမှုအပေါ် မြေနုကျွန်း ပေါ်ထွန်းမှုတွေကလည်း လိုက်ပြောင်းလဲလာတော့သည်။ နှစ်စဉ် နှစ်တိုင်းလိုလို မြေနုကျွန်းလုကြသည့် တုတ်တပျက် ဓားတပျက် အမှုအခင်းများမှာ သွေးချောင်းစီးလာခဲ့သည်။ တရွာနှင့်တရွာ ကလဲ့စားချေစစ်ပွဲများဖြင့် အာဃာတတွေ ကြီးထွားလာနေကြသည်။ မြေနုကျွန်းများကား မြေလတ်ဒေသအတွက် အရေးပါသည့် သီးနှံစားကျက်များ မဟုတ်လား။ မြေနုကျွန်းများပေါ်တွင် ရာသီစာ ဖြစ်သည့် ဖရုံ၊ ဖရဲ၊ သခွား၊ စိမ်းစားဥ၊ ဗူး၊ ချဉ်ပေါင်၊ ခရမ်းချဉ်၊ ရုံးပတီ စသည့် သစ်သီးဝလံများသည် တနယ်လုံးအတွက် ဖူလုံစေသည်။ မြေနုကျွန်းပေါ်မှ သဘာဝအလျှောက် ပေါက်ရောက်သည့် ကိုင်းမြက်များမှာ တောင်သူများနှင့် နွားလှည်းသမားများ အတွက် အဓိက နွားစာဖြစ်သည်။ သို့  အတွက် ဧရာဝတီ၏ရင်သွေး မြေနုကျွန်းများသည် မြေလတ်သားတို့  အတွက် အသက်သွေးကြော။ မြစ်ကြောင်း မမှန်သည့်အပြင် စိုက်မရ ပျိုးမရ၊ သွာရလာရ ခက်ခဲသည့် သဲသောင်ပြင်ကြီးများက ရှည်လျားကျယ်ပြောစွာ ပေါ်ထွက်လာနေသည်။ တချို့  နှစ်များတွင် ကမ်းနှစ်ဖက် ထွန်းနေသည့် သဲသောင်ပြင်ကြီးများမှာ မြစ်မကြီးကို ပိတ်စို့ လုနီးပါးဖြစ်နေတတ်သည်။ သင်္ဘောများ ခုတ်မောင်းသွားလာရန် ကျပ်တည်းခက်ခဲလာသည်။ ကိုညိုဒင် ငယ်စဉ်ကာလများက သဲသောင်ပြင် ကြီးများ ပေါ်ထွန်းလာပြီဆိုလျှင် သောင်တူးစက်ကြီးများဖြင့် ဖြိုဖျက်၍ မြစ်ကြောင်းရေကြောင်းကို တူးဖော်တာတွေ လှေပေါ်က အငေးသား ကြည့်ခဲ့ရသည်။ တနှစ်ထက်တနှစ် မြစ်ကြီးကား အိုမင်းလာနေသည်။ ခွန်အားတွေ လျော့လျည်းလာသည်။ အားကောင်းမောင်းသန်ရေစီးတို့  နှေးကွေးလေးလံလာသည်။ မြေနုကျွန်းများကို မမွေးဖွား ပေးနိုင်တော့ပဲ သွေးသားခမ်းခြောက်လာသည့် သူအိုမကြီးနှင့် တူလာသည်။ သည်မြစ်ကြီး၏ ကျေးဇူးတွေ ကြီးမားလှသော်လည်း အိုမင်းရင့်ရော်မှုကို စောင့်ရှောက်ကုစားပေးမည့်သူတွေ မရှိတော့ဘူးလားဟု ကိုညိုဒင် စဉ်းးစားမိပြန်သည်။ကိုညိုဒင့် မျက်ဝန်းထဲတွင် တိမ်ကောခြောက်သယောင်းနေသော ဧရာမြစ်ပြင်ကို မြင်ယောင်မိရင်း ငါ့ဘ၀ အတွက် အရေးအကြီးဆုံး ငါးတွေ၊ ငါ့မိသားစုအတွက် ငါးတွေ၊ ရေနဲ့ ကြာ၊ ရေနဲ့ ငါး၊ ရေမရှိရင် ငါးတွေလည်း ဘယ်ရှိနိုင်တော့မှာလဲဟု တွေးတောဝမ်းနည်းလာသည်။ `မိလုံး ဟဲ့ မိလုံး` အိမ်အောက်တွင် ဖြာခင်း၍ လဲလျောင်းမှေးစက်နေသည့် မလုံးကို ကိုညိုဒင် အော်ခေါ်လိုက်သည်။ `ဘာတုန်း ကိုညိုဒင်၊ ပူလွန်းလို့ တော်၊ ခနလှဲနေတာ၊ ခိုစရာကပ်စရာကို မရှိအောင်ပူတာ။ ရေအိုးထဲကြည့်ပါလား မနက်က ထည့်ထားတဲ့သောက်ရေတွေ သောက်တောင်မသောက်ရသေးဘူး တ၀က်လောက်ခမ်းနေပြီ`။ `ငါ စောစောပဲ ငါးတန်းသွားချတော့မယ်။` `ပူပါသေးတယ်တော်၊ ငါးနာရီစွန်းမှ သွားပါတော့လား၊ ငါးမရလည်း ကျုပ် ကုန်စိမ်းရောင်းရမလားလို့ ။ အခိုက် အတံ့ပါ။ တော် မနက်မနက် ရေလယ်ကျွန်းကို လှေပို့ ပေးမလား။ အဲဒီမှာ ကုန်စိမ်းသွားယူမယ်။ တော်နဲ့  တိုင်ပင် မလို့ ၊ ရေပြန်ထလို့ ငါးရတော့လည်း ငါးသည်ပြန်လုပ်ရမှာပေါ့။` `ထားစမ်းပါကွာ၊ ငါရှာပါ့မယ်။ အေး ရွှေဘ လာရင် နေစောင်းရင် ကမ်းနားဆိပ် ကျောက်ဆောင်ကွေ့ ကို လိုက်ခဲ့လို့ ငါမှာတယ်လို့ ပြော`။ ကိုညိုဒင် လှော်တက်၊ ငါးတန်းကြိုးများကို စုပုံထားလိုက်ပြီး မီးဖိုထဲရှိ စဉ့် အိုးဘေးတွင် ကျောက်အိုးဖြင့် ထည့်ထားသည့် ငါးစာငါးပေါက်နှင့် လက်မလောက် ပုဇွန် ပေါက်လေးများကို ကြည့်လိုက်တော့ သေနေတာ တွေ့ ရသည်။ တချို့  အကောင်တွေက အနံ့ ပင် ထွက်ချင်ချင်။ ကျောက်ရေအိုးကိုကြည့်၍ ကိုညိုဒင် ဝေခွဲမရ။ နောက်မှ ရေထဲ လက်နှိုက်ကြည့်တော့ ရေက ရေနွေးပူလို ဖြစ်နေသည်။ ကိုညိုဒင် သဘောပေါက်သွားသည်။ ရေတောင်ပူနေရင် မြေကြီးလည်း ပူမှာပဲ၊ ဒီလိုဆို တီတောင်တူးလို့ ရပါအုန်းမလားဟုလည်း ငိုင်ငိုင်တွေတွေ တွေးဆမိပြန်သည်။ ဘယ်က ဘယ်လို ထွက်လာမှန်းမသိသည့် နဖူးနှင့် နားထင်က ချွေးများကို ပုဆိုးနှင့်သုတ်လိုက်ရင်း ကိုညိုဒင် စိတ်ပျက် လက်ပျက် လှေခါးရင်းတွင် ထိုင်ချလိုက်သည်။

` အမေ အမေ ` သူ့ အမေမိလုံးကို အော်ခေါ်ရင်း ရွှေဘအိမ်ထဲဝင်လာသည်။ သူ့ လက်ထဲတွင် ဘာလီ ချိုင့် ဟောင်းပုံးတပုံးကို ဆွဲလျက်။ တကိုယ်လုံးရွှံ့ နွံတို့ ဖြင့် ပေရေလိမ်းကျံနေသည်။ မျက်နှာပေါ်တွင် စိုတ၀က် ခြောက်တ၀က် ရွှံ့ ဖတ်များကြောင့် ရုပ်ရှင်ထဲတွင် တွေ့ ဖူးသည့် ကပ္ပလီတကောင် ချောင်းထဲက တက်လာပုံမျိုးနှင့် တူနေ၏။ မီးဖိုချောင်ထဲမှ ထွက်လာသည့် မလုံးလက်ထဲသို့  ရွှေဘ ဘာလီချိုင့်ကို ကမ်းပေးလိုက်သည်။ `ရွှံ့  အလူးလူးနဲ့ ဘာလုပ်လာတာလဲရွှေဘ` ။ မေးမေးပြောပြော ဘာလီချိုင့်တွင်းကို ငုံ့ ကြည့်လိုက်သည်။ တွန့် လိမ် ခါရမ်းနေသော ငါးခူငါးရံ့ အကောင်လတ်လတ် ဆယ့်လေးငါးကောင်လောက်ကိုတွေ့ ရသည်။ ` ဘယ်က နှိုက်လာ တာလဲ`။`နှိုက်လာတာမဟုတ်ဘူးဘညို၊ ချမ်းသာကြီးဘုန်းကြီးကျောင်းက ရေကန်ကြီး ရေတွေခမ်းကုန်တာ အိုင် စပ်စပ်ပဲ ကျန်တော့တယ်။ အဲဒါ ကိုအုန်းခင်တို့ ခေါ်တာနဲ့ ငါးလိုက်ပက်တာ။ အိုင်ထဲမှာ နှိုက်တာတွေလည်း ပါတော့ပါတာပေါ့။ ငါးပက်တဲ့လူတွေကများတယ်။ ဟင်းစားတော့ ရကြသူတွေချည်းပါပဲ`။ ရွှေဘ ရေချိုးရန် အိမ်နောက်ဘက်စည်ပိုင်းပြတ်ရှိရာထွက်သွားသည်။

ကိုညိုဒင်တို့ အိမ်နှင့် ချမ်းသာကြီးဘုန်းကြီးကျောင်းနှင့်မဝေး။ လေးငါးခေါ်လောက်တော့ရှိမည်။ ကိုညိုဒင် တို့ ငယ်ငယ်ကတည်းက ဆော့ကစားလာခဲ့သော ရေကန်ကြီး။ ကြာဖြူကြာနီများ၊ ဗေဒါများ၊ ရေကြက်များ၊ ရေဘဲများ၊ ချိုး ခါ ခိုငှက်လေးများဖြင့် စိမ်းစိုကြည့်လဲ့နေသော ဘုန်းကြီးကျောင်းရေကန်ကြီး ဖြစ်သည်။ ပတ်ပတ်လည်တွင်လည်း ထန်းပင်များ အစီအရီစိုက်ထားသေးသည်။ ထန်းပင်များ၏နောက်ဘက်တွင်လည်း ညောင်မုတ်ဆိတ်ပင်ကြီးများ၊ မန်ကျီးပင်ကြီးများဖြင့် အုပ်စိုင်းညို့ မှောင်နေသည်။ ကန်ကြီးက အတော်အသင့် ကြီးသည်။ ကန်တပတ်လမ်းလျှောက်ရင် မိနစ်နှစ်ဆယ်လောက် ပျော့ပျော့လေးကြာသည်။ အညာမြေလတ်က ကန်ကြီးများမှာ မီးရေးထင်းရေးအတွက် အရေးပါသော ရေလှောင်ကန်ကြီးများဆိုလျှင်လည်း မမှားချေ။ အော် သည်ကန်ကြီးပင် ရေတွေ ခမ်းခြောက်ကုန်ပြီတဲ့။ မိုးကျရင် ပြန်ပြည့်နိုင်မှာပါလေလို့  ကိုညိုဒင်သက်ပြင်းမောများကို မှုတ်ထုတ်ရင်း ဖြေသိမ့်မိသည်။

``ညိုဒင်ရေ ညိုဒင် လာပါအုန်းဟ၊ ညိုဒင် အုန်းခင်ရေ` နောက်ဖေးဘက်က ငပျော့အိမ်က ကိုညိုဒင့်ကို ခေါ်နေသံများက ပွက်လောရိုက်နေသည်။ `ဘညို ကိုပျော့အိမ်မှာ ဘာဖြစ်လဲမသိဘူး။ အဖေ့ကို အော်ခေါ် နေတယ်။` ရွှေဘစကားမဆုံးမှီ ကိုညိုဒင် ငပျော့တို့ အိမ်ဘက် အပြေးထွက်လာခဲ့သည်။ အိမ်ဝရောက်တော့ ငပျော့မိန်းမ အေးစိန်၏ ငိုယိုအော်ဟစ်သံက ကမ္ဘာပျက်သလား အောက်မေ့ရသည်။ `ကယ်ကြပါအုန်းတော်၊ အဖေကို ခေါ်လို့ မရတော့ဘူး။ လုပ်ကြပါအုန်း၊ အဖေ့ကို ခေါ်ပေးကြပါအုန်း၊ ဆေးရုံပို့ ပေးကြပါအုန်း။ ကယ်ကြ ပါတော် ကယ်ကြပါအုန်း`၊ ဆံပင်ဖါးလျား ထမီဘိုသည်ဘတ်သီဖြင့် အေးစိန်အရူးတပိုင်းဖြစ်နေသည်။ အေးစိန် အဖေကြီးက မမာနေတာကြာပြီ။ လူကြီးရောဂါဆိုတော့လည်း လဲလိုက် လှဲလိုက်။ ကောင်းသည်ကိုမရှိ။ `ဆေးရုံပို့  လည်း မမှီတော့ပါဘူးညိုဒင်ရာ။ ကြည့်လုပ်ကြတာပေါ့။ သေပြီပဲ ဥစ္စာ။ ပြန်ရှင်လာမှမဟုတ်တာ။`အုန်းခင်က ကပ်ပြီးလေသံဖြင့်ကိုညိုဒင်ကို ရှင်းပြောပြောနေ၏။ `ဒါတော့ ဒါပေါ့ကွာ၊ အေးစိန်က အဖေတခု သမီးတခုလေကွာ၊ ဒီလောက်တော့သူလည်း ဖြစ်မှာပေါ့`။ ငပျော့က `ငါစည်ပင်သာယာရုံးသွားလိုက်မယ်ကွာ၊ ခုမှ ၃ နာရီကျော် ကျော်ပဲရှိသေးတယ်။ သေစာရင်းသွားလုပ်မယ်။ ညကျမှ သဂြိုဟ်ဖို့ ကိစ္စတို့  ဘာတို့ ညာတို့  တိုင်ပင်ကြတာပေါ့။ မင်းတို့ အိမ်မှာ ကြည့်ပြင်ထားလိုက်ကွာ။ `အဖေရေ သမီးကို ထားခဲ့ပြီလား`အေးစိန်၏ ရှိုက်ကြီးတငင် ငိုယို အော်ဟစ်လိုက်သံက ကိုညိုဒင်တို့ ရပ်ကွက်လေးကို ကိုင်လှုပ်ခါရမ်းပစ်လိုက်သလိုပင်။

`လူကြီးဆိုတော့လည်း ဒီလောက်ပူတာ ဘာခံနိုင်မှာလဲကွာ၊ အရွယ်ကောင်းအရက်သမားတွေတောင် သေကြသတဲ့။ ငပျော့အရက်က ရေများများရောတော့ သူ့ ဆိုင်မှာ သောက်တဲ့ကောင်တွေ ဘယ်သေမှာလဲ။ အရက်ကနံမယ်နဲ့ လိုက်အောင် ပျော့မှပျော့` ညွန့် မောင်စကားကို သိန်းဆောင်က တ၀ါးဝါးပွဲကျရင်း ထောက်ခံနေ သည်။ ကိုညိုဒင်က ငပျော့ယောက္ခမကြီး၏ အလောင်းကို ကြည့်ပြီး ပူလို့ လူတောင်သေတယ်ဆိုတာ ဟုတ်ရဲ့  လားလို့ ဝေခွဲမရနိုင်။ အေးစိန်ဘေးနားထိုင်ရင်း ယပ်တဖြတ်ဖြတ်ခတ်နေသည့် မိလုံးမျက်နှာက လှေဝမ်းထဲမှာ သေနေသည့် ငါးတကောင်လို နွမ်းရိရိ။ ကိုညိုဒင်အကြည့်လွှဲလိုက်သည်။

မောင်လွမ်းဏီ

အပြည့်အစုံ ဖတ်ရှုရန်...

ငါးသုံးကောင်နှင့် သားအဖနှစ်ယောက်

အဖေ အဖေ ဘညို ဘညို` အိမ်ရှေ့ ကွပ်ပစ်၌ ခြေပစ်လက်ပစ် အိပ်မောကျနေသော ကိုညိုဒင်ကို ရွှေဘ လှုပ်နှိုးလိုက်သည်။ ကိုညိုဒင် ကိုယ်ကိုလူးလွန့် ၍ တဘက်သို့ လှည့်စောင်းသွားပြန်သည်။ ရွှေဘကလည်း ထပ်ပြန်တလဲလဲ လှုပ်၍ နှုတ်ကလည်း ဒရစပ်ခေါ်နေ၏။ အင် ဟု ခပ်တိုးတိုးညည်းတွားရင်း ကိုညိုဒင် ငုတ်တုတ်ထထိုင်လိုက်ကာ မျက်လုံးနှစ်ဖက်ကို ပွတ်သပ်ပြီး လည်ပင်းမှ ချွေးများကို လုံချည်ဖြင့် သုတ် လိုက်၏။ `ဘာလဲ ရွှေဘ၊ ဘာအရေးကြီးလို့ လဲ`။ `ဟာ အဖေကလည်း နေစောင်းရင် ငါးတန်းသွားချမယ်ဆို၊ အဖေပဲ မနက်က မှာထားပြီး၊ ခု ဘယ်အချိန်ရှိပြီလဲ ကြည့်အုန်း`။ ကိုညိုဒင် ဘုရားစင်ပေါ်က စားပွဲတင် နာရီဝိုင်းလေးကို ကြည့်လိုက်တော့ လေးနာရီစွန်းနေပြီ။ `အိမ်အောက်က ပွဲ့ လျက်နဲ့  ရေနံချေးပုံး ထုတ်ထား ကွာ။ ငါးတန်းကြိုးနဲ့ ငါးစာတွေရော မင်းပြင်ထားပြီးပြီလား`။ `အင်း` ။ ရွှေဘ သူ့ အဖေ ခိုင်းသည့်အတိုင်း အမှားအယွင်း ကင်းအောင် ဂရုတစိုက်လုပ်နေသည်။ `ပက်ခွက်လည်းမကောင်းတော့ဘူးကွာ။ အုန်းမှုတ်ခွက် ခပ်ကြီးကြီးတခွက်လောက်လည်းရှာခဲ့၊ မရှိရင် အုန်းခင်တို့ အိမ်သွားယူ။ အုန်းခင်မိန်းမ ထန်းသီးမုန့် လုပ် ရောင်းနေတော့ သူတို့ အိမ်မှာ ရှိနိုင်တယ်`။ ရွှေဘထွက်သွားစဉ် ကိုညိုဒင် အိမ်ပေါ်တက်ပြီး ဆေးပေါ့လိပ် ၄ လိပ်၊ မီးခြစ်နှင့် ကြေးကွမ်းအစ်လေးကို လွယ်အိတ်ထဲ ထည့်၏။ ဘုရားစင်ထောင့်က ၀ါးကျည်တောက်ထဲမှ ငွေ ၁၀၀ ကိုလည်း လွယ်အိပ်ထဲ ထိုးထည့်လိုက်ပြန်သည်။ ကိုညိုဒင် အိမ်ရှေ့ ထွက်လာတော့ ရွှေဘ အုန်းမှုတ်ခွက် နှစ်ခွက်ကိုင်၍ ၀င်လာသည်။ `မင်းအမေ ဘာမှာသွားသေးလဲ`။ `ဘာမှ မှာမသွားဘူး၊ ထန်းတောစပ်မှာ ငါးကြွေးသွားတောင်းအုန်းမယ်လို့  ပြောတာပဲ`။ `သွားမယ် လာ`။ကိုညိုဒင်တို့ သားအဖ လမ်းမထိပ်တွင် ကျောင်းဆင်းချိန်နှင့် ပက်ပင်းတိုးသည်။ ရွှေဘ သူငယ်ချင်း သုံးကောင်က ရွှေဘကို ခြေဟန်လက်ဟန် လုပ်ပြကြ၏။ ကိုညိုဒင်နားမလည် မရိပ်မိ၊ မြင်တော့ မြင်လိုက်၏။ ရွှေဘကို အကဲခတ်စွေကြည့်လိုက်တော့ သွားနှင့်ဆိုသည့် လက်ဟန်ပြနေသည်။ ရွှေဘခေါင်းငိုက်စိုက်နှင့် ဖြေးဖြေးမှန်မှန်လျှောက်လိုက်လာသည်။ ဒီကောင်သူ့ သူငယ်ချင်းတွေ ကျောင်းဝတ်စုံတွေနှင့် ကျောင်းကပြန် လာတာတွေ့ လိုက်ရလို့  စိတ်မကောင်းဖြစ်သွားသလား ကိုညိုဒင်စဉ်းစားမိသည်။ အို သူပဲ ကျောင်းမတက်ချင် ဘူးပြောတာပဲ၊ ရေးတတ်ဖတ်တတ်နေပြီပဲ။ ဆရာကြီးဦးခိုင်ဆီမှာ အားရင်သူသွားစာအံနေတာပဲလေ။ ကိုညိုဒင် ကွမ်းတယာ ထုတ်ဝါးရင်း လှော်တက်မကြီးကို ညာဘက်ပြောင်းထမ်းလိုက်၏။

မြစ်ကမ်းနဖူးရောက်တော့ သူ့ လှေမှောက်ထားသည့် ချောင်းဝကမ်းစပ်ဘေးတွင် ကိုတင်ငွေတို့  သား အဖ တသိုက်နှင့် ဆုံသည်။ ကိုတင်ငွေတို့ သားအဖတသိုက် နွားစာမြက်ရိတ်ပြန်လာကြခြင်းဖြစ်၏။ မြစ် အထက်ဘက်ကို အဆန်အတိုင်း ၂ မိုင်လောက်တက်သွားပြီး မြက်ထူသည့်မြေနုကျွန်းပေါ်တက်၍ နေကုန် ရေခမ်း ရိတ်ကြရသည်။ လိုသလောက်ရမှ ရေကြောင်းအတိုင်းပြန်စုန်ဆင်းလာခဲ့ခြင်းဖြစ်သည်. `ဟကောင် ညိုဒင်ကြီး၊ မတွေ့ တာတောင်ကြာပြီ။ မင်း ငါးရော လုပ်သေးလား`။ `ငါက တံငါပဲဥစ္စာ၊ ငါးမလုပ်လို့  ထွေးရီလင်လုပ်ရမှာလား`။ `နောက်ကျသွားပါပြီ ညိုဒင်ရာ၊ စိတ်လျှော့ စိတ်လျှော့၊ ထွေးရီက ခလေးတောင် လေးကောင်ရနေပြီ။ အထီးတွေချည်းမောင်ညိုဒင်၊ အကြီးဆုံးကောင်တောင် ကာလသားပေါက် ဖြစ်နေပြီ မဟုတ်လား၊ တရားနဲ့ ဖြေလိုက်ပါညိုဒင်ရာ။ ဟား ဟား ဟား`။ ကိုတင်ငွေ ကိုညိုဒင်ကို တဟားဟား ရယ်မောရင်း နောက်ပြောင်နေသည်။ ထွေးရီက ထနောင်းကုန်း မြေနုကျွန်းရွာသူ။ ကိုင်းတောင်သူသမီး။ သူ့  ရွာတွင် သူ့  ရုပ်ရည်ကလေးနှင့်သူ၊ ကွမ်းတောင်ကိုင်။ မြို့ မှာ ကျောင်းလာတက်နေသူ၊ ထနောင်းကုန်း ကိုင်းတောဘက် ကိုတင်ငွေတို ၊့ ကိုညိုဒင်တို့  နွားစာသွား ရိတ်ရင်း တခြား ရွာသားတွေနှင့် ထွေးရီကို အပြိုင်ပိုးခဲ့ကြသည်။ မြို့ က ဘကြီးအိမ်မှာနေရင်း ထွေးရီက ကျောင်းတက် သူဆိုတော့ ညဘက် ထွေးညို သီချင်းဖြင့် ထွေးရီ ဘကြီးအိမ်ရှေ့  ကိုတင်ငွေ လူပျိုလှည့်တိုင်း ကိုညိုဒင်တို့ ၊ အုန်းခင်တို့ က လိုက်ရသည်။ ထွေးရီ မိဘတွေက အသောက်အစား လောင်းကစားကင်းပြီး ပျော်ပျော်နေတတ်သည့် ကိုတင်ငွေ့ ကို သဘောကျကြသည်။ ကိုတင်ငွေကလည်း လှည်းသမားမျိုးရိုး ဆိုပေမဲ့ ရိုးရိုး သားသား ရှာဖွေစားသောက် ကြသည့် လှည်းသမားမိသားစုမှ ဆင်းသက်လာသူ။ ဘာသာရေးနှင့် ရပ်ရေး ရပ်ရွာရေးကိစ္စများတွင် ရှေ့ က ဦးဆောင်ဦးရွတ် လုပ်ကြကိုင်ကြသူတွေ။ ထွေးရီက ရိုးရိုးထုံထုံ၊ ကျောင်းစာလည်း မတော်။ ခြောက်တန်း တခါကျတော့ တင်ငွေနှင့် ကြိုက်စ။ နှစ်ခါဆက်ကျတော့ ကိုတင်ငွေက သူ့  မိဘတွေကို တောင်းခိုင်းပြီး ယူလိုက်သည်။ ကိုတင်ငွေတို့ မိသားစုလေးမှာ မကြွယ်ဝသော်လည်း အတော်အသင့် ပြည်စုံသည်။ ထွေးရီ ကလည်း ရိုးထုံသော်လည်း အိမ်မှုကိစ္စကိုတော့ နိုင်နိုင်နင်းနင်းရှိသည်ဟု ပြောရမည်။ အလှူအတန်းဟေ့ ဆိုလျှင်လည်း မျက်နှာမပျက်တတ်သည့် လင်မယား။ ကိုညိုဒင်တို့ ၊ ကိုတင်ငွေတို့  က လည်ပင်းဖက် ငယ် ပေါင်းကြီးဖော်တွေလည်းဖြစ်ကြ၍ ပြောမနာဆိုမနာ။ တယောက်အကြောင်း တယောက်သိကြသူချင်း တယောက် အခက်အခဲကို တယောက်က ယိုင်းပင်းကူထောက်စမြဲ။ ကိုညိုဒင်တို့ အချုပ်ကျ တရားရင် ဆိုင်နေရစဉ်က တရားရုံးထုတ်တိုင်း ကိုညိုဒင်တို့ ကို စီးကရက်လေး၊ ကွမ်းထုပ်လေးများဖြင့် လာလာ အားပေး စကားပြောရှာသည်။ ကိုတင်ငွေတို့  မိသားစုက ကမ်းနားလမ်း ပေါ်တွင်နေသည်။ ကိုညိုဒင်တို့ နှင့် တရပ် ကွက်ထဲမဟုတ်။ ကိုညိုဒင်တို့  ငါးလုပ်ချိန် မြစ်ကမ်းဘေး တဲအစီအရီထိုးနေကြပြီဆိုလျှင် ကိုတင်ငွေတို့ အိမ် နောက်ဘက်တွင် ဖြစ်သည်။ မြစ်ရေကြီးချိန် ကိုညိုဒင်တို့ ကုန်းပေါ်ရှိ အိမ်ကလေးသို့ ပြန်တက်နေသည့်အခါ လှေကို ကိုတင်ငွေတို့ ထံ အပ်ထားရသည်။ ကိုတင်ငွေ့ အိမ် နောက်ဘက် ချောင်းဝတွင် လှေဆိပ်သဖွယ် တံငါ အလုပ်လုပ်သည့် ကိုညိုဒင်တို့ လူသိုက်၏ လှေကလေးများ ချိတ်ဆက်သီ ဆိုက်ကပ်ထားသည်ကို တွေ့ ရမည်။

ကိုတင်ငွေ့ သားအကြီး လူပျိုပေါက်ကောင်က နွားစာလှောင်သည့် အိမ်နောက်ဘက်တင်းကုတ်တွင် ညအိပ်ညနေ နေသည့်အတွက် ဒီကောင်က လှေကလေးများကို ညရေးညတာ စောင့်ကြည့်ပေးရှာသည်။ လှေစောင့်ခ တပြားတချပ်မှလည်း ပေးစရာမလို။ မိတ်ဆွေစိတ်ဖြင့် စောင့်ရှောက်ကူညီကြသည့်လောက၀တ်။ ကိုညိုဒင်တို့ အရပ်တွင် လှေခိုးသည်၊ လှေပျောက်သည်ဆိုသည် မရှိ။ လှိုင်းထန်လွန်း၍ ကြိုးပြတ်ကာ လှေ မျောသွားသည်ကို မသိလိုက်ရင်တောင် နောက်နေ့  မြို့ အောက်ဘက် တရွာရွာက လှေဆယ်ထားကြောင်း ရွာနီးချုပ်စပ် အကြောင်းကြားလာကြသည်။ လှေပိုင်ရှင်က လာယူ။ ရေအဆုံး ကုန်းတ၀က်သဘောမျိုး လှေဆယ်ထားသူကို လှေပိုင်ရှင်က မေတ္တာသဒ္ဒါကြေး ဘယ်ရွေ ဘယ်မျှမဟုတ် ကျေးဇူးတုန့်  ပြန်ကြသည့် သဘာဝ။

ကိုတင်ငွေတို့ သားအဖ နွားစာမြက်ထုံးများထမ်းကာ နွားစာတင်းကုတ်ဆီကို တက်သွားကြ၏။ ကိုညိုဒင် ရရာထင်းခြောက်ကလေးများကောက်၍ မီးဖိုလိုက်သည်။ ရွှေဘထမ်းလာသော ဂုံနီအိတ်ထဲမှ တီတူးသည့် သံတူရွင်းတိုလေးကို ဆွဲထုတ်၍ မီးဖိုထဲထိုးသွင်းလိုက်သည်။ ပွတ်ညက်အနည်းငယ်နှင့် ရေနံချေးပုံးကို ဖွင့်ပြီး အုတ်မှုတ်ခွက်တခုထဲတွင် ထည့်၍ ပယ်ပယ်နယ်နယ် နှယ်နေ၏။ ပွဲ့ လျက်ပျော့လာမှ ဆွဲ၍ဆွဲ၍ လိမ်လိုက်၊ နှယ်လိုက်လုပ်နေ၏။ ကိုညိုဒင် သူ့ စိတ်တိုင်းကျ ပွဲ့ လျက်ကို နှယ်ပြီးသောအခါ မီးဖိုထဲမှ မီးဖုတ်ထားသည့် သံတူရွင်းတိုကို ဆွဲထုတ်လိုက်ပြီး လှေစပ်ကြောင်းများကို အပူလိုက်ကပ်သည်။ ခနခန ဒုက္ခပေးနေသည့် ရေယိုသည့် လှေဝမ်းဗိုက်နေရာကို အသေအချာ စေ့စေ့စပ်စပ် သံတူရွင်းတိုဖြင့် အပူကပ် ပေးနေသည်။ လှေတွင်ရှိပြီး ပွတ်ညက်ခြောက်ဖတ်များမှာ မီးအပူနှင့်တွေ့ ထိမိပြီး ပျော်အိလာကာ လတ် လတ်ဆတ်ဆတ် လှေထေးလိုက်သကဲ့သို့ ပေါက်အာနေသောလှေစပ်ကြောင်းများမှာ ပြန်လည်ပိတ်ဆို့ သွား သည်။ သို့ ဖြင့် ကိုးတောင်လှေကလေး တလှေလုံး သံတူရွင်းပူကပ်ပြီးမှ စပ်ကြောင်းတချို့ တွင် ရေစိမ့်ဝင် ပေါက်ဖြစ်နေသည့် နေရာတို့  ကို လိုက်ကြည့်လိုက်သည်။ ထို့ နောက် ကိုညိုဒင် စွက်ကျယ်စုတ်ဟောင်းကို လိုသလောက်ဖြဲကာ လိမ်ကျစ်၍ ပေါက်နေသော လှေစပ်ကြောင်းထဲ ဓားမဦးဖျားဖြင့် ဖွဖွရွရွ ထိုးသွင်း လိုက်၏။ နှယ်ထားသည့်ပွဲ့ လျက်ကို တဖဲ့တဖဲ့ယူကာ စပ်ကြောင်းများမှာ ဖာထေးသည်။ လှေရေလုံလောက် ပြီဆိုမှ ရေနံချေးသုတ်ရန် ရွှေဘကို အော်ခေါ်လိုက်၏။ ရွှေဘ ကိုတင်ငွေ့ သားအကြီးကောင်အိပ်သည့် နွားစာ တင်းကုတ်မှ အပြေးဆင်းလာသည်။ `ရေနံချေး ရွှဲရွှဲလေးသုတ်ကွာ ရွှေဘ၊ လှေနံတွေလည်း တခါထဲသုတ်၊ နေနည်းနေပြီ၊ ဒါပြီးမှ ငါးတန်းချရမှာ`။ ရွှေဘ စွတ်ကျယ်စုတ်ပိုင်းကို ရေနံချေးပုံးထဲ နှစ်လိုက် လှေကို ခတ်သွက်သွက် သုတ်လိုက်နှင့် ခနအတွင်းမှာပင် လှေတစင်းလုံး ရေနံချေးသုတ်ပြီးသွားသည်။ `တင်ငွေရေ၊ တင်ငွေ တဆိတ်လာစမ်းပါအုန်းဟ၊ လှေ ရေချချင်လို့ `။ ကိုတင်ငွေတို့  သားအဖ နှစ်ယောက်နှင့် ကိုညိုဒင်တို့  သားအဖနှစ်ယောက် ကျွန်းသားကိုးတောင်လှေကလေးကို မြစ်ရေထဲ အသာအယာ မ ချ လိုက်ကြသည်။ ကိုညိုဒင် ပစ္စည်းပစ္စရလေးများ သိမ်းဆည်းနေစဉ် ရွှေဘက လှေကပ်များ၊ ငါးတန်းကြိုး၊ ငါးစာပုံး၊ လှော် တက်စသည်တို့ ကို လှေဝမ်းထဲတွင် နေသားတကျ ခင်းထားလိုက်သည်။ ကုန်းပေါ်ပြန် တက်ရင်းမှ `မင်း ပြန် ခါနီး အိမ်တချက်ဝင်ခဲ့အုန်း၊ ချဉ်ပေါင်လေး၊ ပဲသီးလေး ယူသွား`။ ကိုတင်ငွေ အော်ပြောသည်ကို ခေါင်း ငြိမ့်ပြလိုက်ရင်း ချောင်းဝစပ်မှ ကျောက်ဆောင်ကွေ့ မြစ်ရေငြိမ်သည့်ရေပြင်ဆီ လှေကို လှော်ထွက်လာ ခဲ့သည်။

× × × × × × ×

တိုက်သစ်ဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံက ကိုညိုဒင်တို့ မိသားစုလေးကို ပုတ်နှိုးလိုက် သည်။ ကိုညိုဒင် အိပ်ရာမှ ထလာပြီး ထမင်းစားပွဲလေးပေါ်ရှိ ရေနံဆီမီးခွက်လေးကို မီးညှိလိုက်သည့်အခါ အိမ်ကလေးထဲတွင် ၀ါကျင့်ကျင့် မီးရောင်လေးက လူးလွန့် နေ၏။ နောက်ဖေး စည်ပိုင်းပြတ်ရှိရာမှ ရေလောင်းသံကြားလိုက်ရသည်။ ရွှေဘမျက်နှာသစ်နေပုံရ၏။ အိမ်မှုန်စုံမွှားနှင့် ခြင်ထောင်ကြိုးဖြုတ်ရင်း `ဓာတ်မီးက ဘုရားစင်ပေါ်မှာနော် ကိုညိုဒင်`ဟု မလုံး ကိုညိုဒင်ကို လှမ်းပြောသည်။ ကိုညိုဒင် မျက်နှာကို ရေတချက်နှစ်ချက်ရိုက်၍ မီးသွေးခဲဖြင့် သွားတိုက်လိုက်သည်။ ပုဆိုးစဖြင့် ရေသုတ်လိုက်ပြီး `သား ရွှေဘရေ၊ သွားကြရအောင်`။

လမ်းဓာတ်မီးတိုင်များက မီးမပေးသည်မှာ နှစ်နဲ့ ချီကြာလာပြီဖြစ်၍ လက်နှိပ်ဓာတ်မီးကိုပဲ အားကိုးရ သည်။ ရှေ့ က မီးထိုးသွားနေရင်း လက်နှိပ်ဓာတ်မီးရောင်က မှိန်ဖျော့ဖျော့သာ လင်းနေ၏။ ဓာတ်ခဲဝယ်ဖို့  မေ့နေလိုက်တာဟု ကိုညိုဒင်စဉ်းစားမိသည်။ လှေဆိပ်ရောက်တော့ ကိုတင့်ငွေသားကို အသံပြုကာ လှေပေါ် သားအဖနှစ်ယောက် တက်လိုက်ကြသည်။ ကိုညိုဒင်က လှေဦးမှာထိုင်၍ ရွှေဘက ပဲ့ကိုင်လှော်ခတ်လာသည်။ လှော်တက်မကြီးနှင့် ရွှေဘအရွယ်က မမျှ။ သို့ ပေမယ့် ရွှေဘ မနိုင်တနိုင်ဖြင့်ပင် လှေကို ကောင်းကောင်း ထိန်းနိုင်လှော်နိုင်နေပြီလေ။ မြစ်ထဲက လှိုင်းရိုက်ခတ်သံလေးများကို ဟိုအဝေး သည်အနားမှ ကြက်တွန်သံတို့  က ကြိုးကြားရံခါ ဖုံးလွှမ်းနေစေသည်။ ကိုညိုဒင် ငါးကြိုးတန်းမှ ချိတ်ထောင်ထားသော ငါးမျှားချိတ်လေး များမှ ငြိတွယ်နေသောငါးတို့ ကို အသာအယာဆွဲယူရင်း ငြိနေသည့်ငါးများကိုဖြုတ်၍ လှေဝမ်းထဲသို့ ပစ်ပစ်ထည့် လိုက်သည်။ သည်နေ့  သိတ် မဆိုးလှဟု ကိုညိုဒင် ငါးမျှားတန်းကြိုးများကို ဖြုတ်ရင်း ရသည့်ငါးများကို ခန့်  မှန်းတွက်ချက်ကြည့်မိသည်။ ငါးဘတ်အကောင်လတ်လတ်တွေပါတော့ စုစုရရ ၂ပိသာခွဲ ၃ပိသာလောက် တော့ ရှိနိုင်သည်ဟု စိတ်က အောက်မေ့ရင်း ပင်မငါးတန်းကြိုးကို လက်တောင်ဖြင့် ရစ်၍ရစ်၍ ဖြုတ်လိုက် သည်။ အရုဏ်ကျင်းပြီ။ အလင်းရောင်ပြူစပြုပြီ။ ရွှေဘ လှေကို ခပ်သွက်သွက် ချောင်းဝကမ်းဘက် လှော်ခတ် လာခဲ့သည်။ ချောင်းဝ ရောက်တော့ အမှောင်ပြယ် အလင်းဝင်ရောက်စ။ ` ရွှေဘ သား။ အဖေ တင်ငွေ့ တို့  အိမ်မှာ အိမ်သာသွား တက်လိုက်အုန်းမယ်။ မင်း ငါးတွေ ဘာလီချိုင့်ကြီး နှစ်ချိုင့်ထဲ ခွဲထည့်ထား၊ ပေးစမ်းကွာ၊ အဖေ့လွယ်အိပ်။` လွယ်အိတ်ထဲမှ ဆေးပေါ့လိပ်နှင့် မီးခြစ်ကို ကသုတ်ကယက် ဆွဲထုတ်ယူပြီး ကိုညိုဒင် ကိုတင်ငွေတို့ အိမ်ဘက် အပြေးတက်သွား၏။

လှေဝမ်းထဲတွင် လှုပ်ခါလူးလိမ့် တိုးဝှေ့ ခုန်ရမ်းနေသည့် အကောင်လတ်လတ် ငါးဘတ်ကြီးများနှင့် ငါးမြွေထိုးကြီးများကို ဘာလီချိုင့်ကြီးတလုံးတွင် ရွှေဘ ကောက်ထည့်လိုက်သည်။ နောက်ချိုင့်တလုံးထဲသို့  ငါးဇင်ရိုင်းအကောင်လတ်များနှင့် ငါးပြေမများကို ဖြေးဖြေးချင်း ကောက်ထည့်လိုက်၏။ လှေဝမ်း ရေစပ်စပ် ထဲတွင် ငါးပြေမ သုံးကောင်သာ ခုန်လိုက်ပျံလိုက် လူးလိုက်လိမ့်လိုက် ကျန်နေသည်ကို တွေ့ ရသည်။ လှုပ်ခါ ခုန်ရမ်းနေသည့် ငါးပြေမ သုံးကောင်ကို ကောက်မထည့်မီ ရွှေဘ တွေတွေငေးငေးကြည့်လိုက်မိသည်။ တလောက ဆရာကြီးဦးခိုင် သင်ကြားပြသပေးသည့် ငါးသုံးကောင်အကြောင်းကို နှုတ်က ရွတ်ဆိုမိသလိုဖြစ် သွား၏။ ဆရာကြီး ရေးပြခိုင်း၍လည်း ကောင်းကောင်းရေးပြနိုင်ခဲ့သည်။ ဆရာကြီးကို သူအလွတ် ရွတ်ဆို ပြခဲ့သည့်အတိုင်း တိုးတိုးဖွဖွ ရေရွတ်ကြည့်နေမိသည်။

`တနေ့ သ၌ ရေတံငါတဦးသည် မြစ်ထဲ၌ ပိုက်ကွန်ဖြင့် ငါးဖမ်းရာ သူ၏ပိုက်ကွန်၌ ငါးသုံးကောင် ငြိတွယ်ဖမ်းဆီးရမိ၏။ ထိုငါးသုံးကောင်ကို လှေဝမ်းထဲတွင် အရှင်လတ်လတ် ပစ်ထည့်ထားလိုက်၏။ ငါးအရှင် သုံးကောင်မှာ ရေစပ်စပ်လှေဝမ်းထဲတွင် ခုန်လိုက်ပျံလိုက် ရမ်းခါတိုးဝှေလိုက်နှင့် လှေစုန်မျောရာ အတိုင်း ပါလာသည်။ ထိုငါးသုံးကောင်ထဲမှ တကောင်သောငါးသည် ဤသို့  တွေးတောစဉ်းစား၏။ ကံဆိုးလို့  တံငါ လက်မှာ အဖမ်းခံရပြီး အသက်သေရတော့မယ်။ ငါကံပေါ့ဆိုပြီး ကံကိုရိုးမယ်ဖွဲ့ ကာ လှေဝမ်းထောင့်မှာ မလှုပ် မရှား၊ မခုန်မပျံတော့ပဲ ခွေပြီးနေလိုက်တော့သည်တဲ့။ နောက်ငါးတကောင်ကတော့ ယခုလို စဉ်းစားပြန်၏။ ကံဆိုးလို့ တံငါလက်ထဲကိုရောက်သော်ငြား ငါ့မှာ ညာဏ်ရှိ၏။ ငါ့ ညာဏ်ပညာကို အသုံးချပြီး တံငါလက်က လွတ်အောင် ငါရုန်းထွက်ရမည်ဟု့ စိတ်ပိုင်းဖြတ်ပြီး လှေဝမ်းထဲကနေ မြစ်ထဲရေထဲရောက်အောင် တစွေ့ စွေ့  ခုန်ခုန်ပြီး ကြိုးစားနေပေသည်။ လှေဝမ်းမှာ မြင့်သဖြင့် အလွယ်တကူ လွတ်အောင်မခုန်နိုင်ပဲရှိရာ နားလိုက်၊ အသက်ရှူလိုက်၊ အမောဖြေလိုက်ဖြင့် လွတ်မြောက်ရေးကို ကြိုးပမ်းနေရှာသည်။ နေမြင့်လာ၍ နေပူရှိန် ကလည်း မီးရှိန်သဖွယ် ပူးပြင်းလာ၏။ တံငါသည်မှာ ကွန်ရုတ်တိုင်း ငါးမပါသည်ချည်း ဖြစ်နေ၍ ဒေါသလည်း တဖြင်းဖြင်း ထွက်နေသည်။ ၀မ်းဗိုက်ကလည်း ဆာလောင်မှုကြောင့် တကျုတ်ကျုတ် အော်မြည် တောက် လောင်နေပြန်သည်။ လှေဝမ်းထဲမှ ဂဏာမငြိမ် ခုန်ပျံလှုပ်ရှားနေသောငါးကိုကြည့်ကာ ဒေါသပိုထွက်လာ ပြန်သည်။ သို့ နှင့် လှော်တက်ဖြင့် ငါး၏ခေါင်းကို သေချာချိန်ရွယ်၍ ရိုက်ချလိုက်၏။ ငါးသည် ဦးခေါင်းကွဲကာ သေပွဲဝင်ရှာရသည်။ ကျန်ငါးတကောင်ကမူ သွေးစက်လက်ဖြင့် သေပွဲဝင်သွားသောငါးနှင့် လှေဝမ်းထဲတွင် သေချိန့်စောင့်နေသောငါးတို့ ကို ကြည့်၍ ပိုင်းခြားဝေဖန် သုံးသပ် စဉ်းစားနေ၏။ ကံဆိုးမိုးမှောင်ကျ၍ တံငါ သည် မုဆိုးလက်တွင်း သက်ဆင်းရသည်။ ညာဏ်ပညာအမြှော်အမြင်ရှိသော်လည်း လုံ့ လ၀ီရိယတို့ ကို အချည်းနှီး ဖြုန်းတီး၍ သေလွန်ရသည်။ သို့ အတွက် ငါအသို့ ကြံဆောင်သင့်သနည်းဟု မေးခွန်းထုတ်ရင်း လှေဝမ်းထဲ၌ ငြိမ်ဆိတ်ကာ အကြံထုတ်နေလေသည်။ တံငါသည် ကွန်ပစ်တိုင်း လှေသည်လူးခါသွား၏။ လှေနံသည် ကွန်ပစ်သည့်ဘက်သို့ စောင်းရွဲ့ သွား၏။ လှေနံနှင့် ရေပြင်သည်ထိလုခမန်း ညီမျှသွား၏။ ထိုချင်း ရာများကိုကြည့်၍ သုံးကောင်မြောက်ငါးသည် အခွင့်အရေးကို ကြံစည်အားထုတ်ကာ ချောင်းမြောင်းနေလေ သည်။ ထိုအခိုက် တံငါသည်သည်လည်း ပုခုံးပေါ် ထမ်းတင်ထားသည့် ပိုက်ကွန်ကို ဆကာမြှောက်ကာ မြစ်တွင်းသို့ ပစ်ချ လိုက်လေသည်။ ထိုရောအခါ လှေသည်စောင်း၍သွား၏။ လှေနံသည် ရေမျက်နှာပြင်နှင့် ကြမ်းတပြေးညီ ဖြစ်သွား၏။ ငါးသည် ရှိသမျှ ခွန်အားကိုသုံး၍ မြစ်ထဲသို့ ခုန်ပျံဆင်းသက်လိုက်ရာ တံငါလက်မှ လွတ်မြောက်သွားလေတော့သည်။ တံငါသည်သည် ငါးလွတ်သွား၍ ဒေသပိုထွက်သွားကာ လှေဝမ်း၌ ခွေကပ်နေသော ငါးကိုပါ လှော်တက်ဖ်ြင့် ရိုက်သတ်လိုက်ပြန်လေသည်။

ထိုစာ ဆရာကြီးကို ဖတ်ရွတ်ပြစဉ်က ဆရာကြီး ဆုံးမပြောကြားလိုက်သည့်စကားကို ရွှေဘ ထပ်မံ ကြားယောင်မိပြန်သည်။

` အဲဒါပဲ၊ မောင်ရွှေဘ၊ လူဆိုတာ ကံ ညာဏ် ၀ီရိယကို မျှတအောင် ဆင်ခြင်းအသုံးပြုနိုင်ရမယ်ကွ။ ကံကိုချည်း ယိုးမယ်ဖွဲ့ ပုံချလို့ မရသလို၊ ညာဏ်ရှိတိုင်းလည်း ၀ိရိ.ယစိုက်ထုတ်နိုင်မှ အောင်မြင်မှုပန်းတိုင်ကို ရောက်နိုင်တယ်ဆိုတာ ငါ့တပည့် သေအောင်မှတ်ပေတော့။`

မောင်လွမ်းဏီ

အပြည့်အစုံ ဖတ်ရှုရန်...

  © Blogger templates Newspaper by Ourblogtemplates.com 2008

Back to TOP